ရန်ကုန်မှာ ဆရာဝန် လုပ်ရတာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိသည်။ စာအုပ်၊ စာတမ်း reference စုံလင်သည်။ လိုအပ်ပါက အလွယ်တကူ ရှာဖွေ ၀ယ်ယူလို့ရသည်။ အင်တာနက် တွင်လည်း အချက်အလက်၊ အကိုးအကား ရှာဖွေနိုင်သည် (ကွန်နက်ရှင်ကိုတော့ နည်းနည်း စိတ်ရှည်ရသည်၊ ဒါက သိပ်ပြဿနာ မဟုတ်တော့)။ ကိုယ့် စီနီယာ၊ ဆရာတွေ အများကြီး ရှိ၍ မေးနိုင် မြန်းနိုင်သည်။ အကြံဉာဏ်တောင်း နိုင်သည်။ ဆေးရုံမှာ အတွေ့အကြုံရင့် ဆရာဝန်ကြီးတွေအောက်မှာ လုပ်ရသဖြင့် ပညာရသည်။

သို့သော် ရန်ကုန်တွင် ဆရာဝန် လုပ်ရတာ အခက်အခဲတွေလည်း ရှိပြန်သည်။ မိဘအစဉ်အဆက် ချမ်းသာသူ ဖြစ်လျှင်တော့ အခက်အခဲ သိပ်မရှိနိုင်၊ ဆေးရုံနှင့် အိမ်ကို ကားလေးနှင့် အေးအေးလူလူ သွား၍၊ ကိုယ့်စာကိုယ် ဖတ်ရင်း ဆရာဝန်လုပ်နိုင်သည်။ ကျွန်တော်တို့လို ဆရာဝန်ပေါက်စ လူမွဲများ အတွက်ကား ရန်ကုန်တွင် ဆရာဝန် လုပ်ရခြင်း၏ အခက်အခဲမှာ စားဝတ်နေရေးပင် ဖြစ်လေသည်။ နယ်မှာတုန်းကလို ဆေးရုံကို လမ်းလျှောက်သွား၍ မရ၊ မနက်အိပ်ယာထ၍ ဆေးရုံသွားတော့ မည် ဆိုတာနဲ့ ဘတ်စကားခ က စကုန်တော့သည်။ ဒါတောင် မိသားစုနှင့် အတူနေ၍ တော်သေးသည်။ မနက်စာကို အိမ်က စားသည်၊ နေ့လည်စာ အတွက် ထမင်းချိုင့်ထည့်သည်။ မိဘအိမ်မှာ ကပ်စားနေပေမယ့် ဆရာဝန်ဖြစ်မှ မုန့်ဖိုးအထိတော့ အိမ်က မတောင်းချင်တော့။ ဒီတော့ ကိုယ့်လခနှင့် မလောက်ငှတော့ အပိုဝင်ငွေ ရှာရသည်။

ခြောက်နှစ်ခန့် ဆေးပညာတွေသာ သင်ခဲ့သဖြင့် လူနာကုသည့် အလုပ်မှ လွဲ၍ ဘာမှ မလုပ်တတ်။ ဆေးကုသမှု အတွေ့အကြုံ အများကြီး မရှိသော်လည်း မိမိ ဆရာဝန် ပေါက်စ အတွေ့အကြုံ ပညာနှင့်ပင် ဆေးခန်းထိုင်ရင်း ထိုက်သင့် သလောက် ၀င်ငွေရှိချင်သည်။ သို့သော် ကိုယ်တိုင် ဆေးခန်းဖွင့်ဖို ဆိုတာက အရင်းအနှီးကြီးလှသည်။ ကိုယ့်မိသားစုကလည်း ဆေးခန်းတခန်း ထူထောင်ပေး နိုင်လောက်အောင် မတတ်နိုင်။ အထုးကု ဆေးခန်းကြီးတွေတွင် လုပ်ရန်မှာလည်း ဂျူတီတွေကြောင့် အဆင်မပြေပြန်။ ဒီလိုနဲ့  Relieving ခေါ် သူများဖွင့်ထားတဲ့ ဆေးခန်းမှာ အငှားထိုင်တဲ့ အလုပ်ကို ရှာရသည်။

ဆေးကျောင်းတစ်ခုမှာ သရုပ်ပြ လုပ်နေတဲ့ စီနီယာ အစ်မတစ်ယောက် အဆက်အသွယ်နဲ့ သူမနက်ပိုင်း ထိုင်နေတဲ့ ဆေးခန်းမှာ ညနေပိုင်း ဆရာဝန် အလုပ်ကို ရသည်။ ကျွန်တော့် ညဂျူတီတွေက တစ်ပါတ်ကို နှစ်ရက် ရှိသဖြင့် ဂျူတီကျတဲ့ ညတွေမှာ အစားထိုင်ပေးဖို့ သူငယ်ချင်း ဆရာဝန် တစ်ယောက်ယောက်ကို အကူအညီ တောင်းရသည်။ ကိုယ့် အလုပ်နှင့်ကိုယ် ၀င်ငွေရှာရမည် ဆိုတော့ အစကတော့ ဘာပဲပြောပြော တက်ကြွနေမိသည်။

ဆေးခန်းပိုင်ရှင်က နေရာထိုင်ခင်းနှင့် ဆေးစိုက်သည်၊ ကိုယ်က ပညာစိုက်ရသည်၊ အကျိုးအမြတ်ကို ဆရာဝန်က ၄၀% ရသည်။ သို့သော် ကျွန်တော် စထိုင်သောလတွင် လူနာပါးသဖြင့် ဆေးခန်းပိုင်ရှင်က ၄၀% မလုပ်ဘဲ၊ လခနှင့် ထိုင်ဖို့ ကမ်းလှမ်းသည်။ လူနာများတဲ့ လတွေကျမှ ရာခိုင်နှုန်းနှင့် ယူရန်ပြောသည်၊ ဆေးခန်းကို ဆရာဝန် မပြတ်စေချင် သဖြင့် လူနာပါးသော ကာလတွင်လည်း အရှုံးခံပြီး ဖွင့်ထားတာ ဖြစ်ကြောင်းပြောသည်။ ဆေးခန်းပိုင်ရှင် သဘောကောင်း၍သာ တော်သေးသည်၊ အကယ်၍ ရာခိုင်နှုန်းဖြင့်သာ ယူရလျှင် Scalpel တစ်ယောက် ဆေးခန်းလာရသည့် ကားခရှုံးသော နေ့များစွာ ကြုံခဲ့ရပေလိမ့်မည်။ ဆေးခန်းတွင် သွားထိုင်နေပြီး လူနာတစ်ယောက်မှ မရသော ညများစွာ ကြုံခဲ့ရလေသည်။

ညနေ ဆေးရုံက အပြန် အိမ်တန်းမပြန်နိုင်ဘဲ အစာပြေ မုန့်တခုခု စား၍ ဆေးခန်းဝင်ရသည်။ သို့သော် ဆေးခန်းတွင် လူနာ တစ်ယောက်မှ မလာ၍ တစ်ယောက်တည်း ထိုင်နေရသည့် အခါတွင်ကား စိတ်ဓါတ်တို့ ကျစပြုလာသည်။ လူနာမလာ၍ လာရန်လည်း မမျှော်ကောင်းသော ဆရာဝန် အလုပ်ကို ဘာ့ကြောင့် ရွေးချယ်ခဲ့မိသနည်းဟု နာနာကျည်းကျည်း တွေးမိလာသည်။ ဆရာဝန်အလုပ်နှင့် ငွေရှာရသည်ကား သူများနေထိုင် မကောင်းမှ အဆင်ပြေရတော့ မလိုဖြစ်နေသည်။ ကိုယ့်အလုပ် အဆင်ပြေဖို့ အတွက်တော့ သူများ နေထိုင်မကောင်းရန် မမျှော်ချင်ပြန်။ ဒီလိုနဲ့ ဆေးခန်းလေးထဲမှာ အထီးကျန်စွာ ထိုင်ရင်း၊ ညနေ ၆ နာရီလောက်ကနေ စထိုင်နေတာ ည ကိုးနာရီ လောက်မှာတော့ ကားမှတ်တိုင်မှာ ကားရောကျန်မှ ကျန်ပါ့မလားလို့ စိတ်မောစွာ စောင့်ရင်း လူနာလည်း မလာပဲ ထိုင်နေခဲ့ရတဲ့ အချိန်တွေက ခါးသီးလှသည်။

မြို့လည်ခေါင် မဟုတ်သော်လည်း အထုးကုဆေးခန်းကြီးတွေ များပြားလှသော နေရာမှာ ဆရာဝန် ပေါက်စ တစ်ယောက် ထိုင်နေတဲ့ ဆေးခန်းလေးအတွက် လူနာရဲ့ ယုံကြည်မှု ရဖို့ကလည်း မလွယ်ပြန်။ ဆေးခန်းအလုပ်သည် ကြေငြာဆိုင်းဘုတ် ကြီးကြီး ထောင်လျှင်ပင် ဆရာဝန်ကျင့်ဝတ်နှင့် မညီပေ။ ကြေငြာများ ဝေငှ၍ ပရိုမိုးရှင်း မလုပ်ကောင်းသော လုပ်ငန်းဖြစ်ရကား ရောက်လာသော လူနာကိုသာ ကိုယ့်ကြောင့် လန်မသွားအောင် ကြိုးစားရသည်။ ဒီလိုနှင့် တဖြည်းဖြည်းနဲ့ လူသိလာ၍ လူနာတော့ ရလာသည်။ သို့သော် တနေ့ (၅) ယောက်လောက် ရတဲ့နေ့ဆို လူနာများသည်ဟု ဆိုနိုင်သည်။ အစကတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေသည် ထင်သည်၊ နောက်မှ ဂျီပီထိုင်သော သူငယ်ချင်းတွေကို မေးမြန်းစုံစမ်း ကြည့်တော့ တနေ့ ပျမ်းမျှ လူနာ (၅) ယောက်လောက် ရသော ဆရာဝန်ကို ဂျီပီ ကောင်းသည်ဟု ပြောနိုင်သည် ဆိုပါကလား။

လူအများလည်း စီးပွားရေး အဆင်မပြေသော ခေတ်ကာလမို့ တော်ရုံတန်ရုံ ဖျားလျှင်နာလျှင် ဆေးခန်းမပြနိုင်၊ တော်တော်တန်တန် ဖြစ်လျှင် လမ်းဘေးကွမ်းယာဆိုင် ရောက်ကုန်ကြသည်။ မတတ်သာမှ၊ စိုးရိမ်ရမှ ဆေးခန်းရောက်လာ ကြတော့သည်။ တတ်နိုင်သည့် လူများကြတော့လည်း အထွေထွေရောဂါကု ဆရာဝန် ထိုင်သည့် ဂျီပီဆေးခန်းတွင် မပြချင်၊ အထူးကုကိုမှ အထင်ကြီး သဖြင့် အထူးကု ဆေးခန်းကြီးတွေ ရောက်ကုန်သည်။ လူတန်းစား ကွာဟချက် ကြီးမားလာနေသည့် ရန်ကုန်မြို့ကြီးတွင် ဒုက္ခရောက်ရသည့် အထဲတွင် Scalpel တို့လို Relieving ဆရာဝန်ငယ်များလည်း ပါပေမည်။

ဆေးခန်းထိုင်ရတာ စီးပွားရေး အရ အဆင်မပြေတာရော၊ အတွေ့အကြုံ လိုချင်သည်ကလည်း တပိုင်းဖြစ်လေသည်။ သို့သော် လူနာ မမှန်သည့် ဆေးခန်းတွင် အတွေ့အကြုံ ကတော့ မရနိုင်၊ ဒီလိုနှင့်  Scalpel တစ်ယောက် အဆက်အသွယ် ရှာဖွေရင်း ကုသိုလ်ဖြစ်ဆေးခန်း တစ်ခုနှင့် အဆက်အသွယ် ရခဲ့သည်။ စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ ဂျူတီ မကျသော ရက်များတွင် ကုသိုလ်ဖြစ် ဆေးခန်းတွင် မနက်ပိုင်း ထိုင်ဖြစ်သည်။ မိမိ ထိုင်သော ဆေးခန်းတွင် လူနာမကြည့်ရသော်လည်း၊ ကုသိုလ်ဖြစ် ဆေးခန်းတွင် လူနာ ကြိတ်ကြိတ်တိုးနေအောင် ကြည့်ရသည်။ မနက် ၇ နာရီခွဲ လောက်က စ၍ တခါတရံ နေ့လည် ထမင်းစားချိန် ကျော်သည် အထိ လက်မလည်အောင် ကြည့်ရသည်။ ဂျီပီထိုင်နေစဉ်က ရန်ကုန်မြို့ကြီးမှာ လူနာများ ရှားပါးလှချည်လား၊ လူတွေ ကျန်းမာနေလို့ ဖြစ်မှာပေါ့လေဟု ထင်ခဲ့မိတာ အခုမှ မဟုတ်မှန်း သိရသည်။ လူတွေ ကျန်းမာနေတာ မဟုတ်၊ ပိုက်ဆံပေး၍ ကုရသော ဆေးခန်းများသို့ ဆေးကုသမှု စရိတ် မတတ်နိုင်သဖြင့် မရောက်လာနိုင် ကြတာ ဖြစ်သည်။

ယခု ကုသိုလ်ဖြစ် ဆေးခန်းတွင်တော့ လူနာများ ကြိတ်ကြိတ်တိုးနေပေသည်၊ မနက်အစောကြီး ဆေးခန်းမဖွင့်ခင်ထဲက တုံကင်က တော်တော်ရောက်နေပြီ ဖြစ်သည်။ စေတနာရှင်များ ကျေးဇူးကြောင့် လူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်စည်းပေး နေသော ကုသိုလ်ဖြစ် ဆေးခန်းတွေ တိုးပွားလာနေခြင်းကို သာဓု ခေါ်ပါသည်။ နှင့်မို့သာဆိုလျှင် လူနာတွေ ကွမ်းယာဆိုင်နှင့် လမ်းဘေး ဈေးဆိုင်များတွင် ဆေးတွဲခိုင်းပြီး သောက်ရသည့် ဘ၀သို့ များများ ရောက်ကုန် ကြပေမည်။ ကုသိုလ်ဖြစ် ဆေးခန်းတွင် ထိုင်ရတာ ကျွန်တော်တို့ အတွက် လူပင်ပန်း သော်လည်း ပိုက်ဆံ မရပါ၊ သို့သော် ကုသိုလ်ရသည်၊ ကုသမှု အတွေ့အကြုံ ရသည်၊ ထို့အပြင် လူနာများ စိတ်ချမ်းသာတာ မြင်ရလျှင် ပီတီကိုလည်း ရပေသည်။

ဆရာဝန် အလုပ်ကို လုပ်ပြီဆိုတည်းက ဆရာဝန်တိုင်း ရင်ထဲတွင် လူနာအပေါ် စေတနာအရင်းခံ အနည်းနှင့်အများ ရှိကြမည် ထင်သည်။ သို့သော် အခြေအနေ အကြောင်းကြောင်း အရ တချို့လည်း အသပြာ ဆရာဝန်ဘ၀ကို ရောက်ကုန်သည်။ သို့သော် လူတိုင်းတော့လည်း မဟုတ်ပြန်ပါ။ ကုသိုလ်ဖြစ် ဆေးခန်းများ ရပ်တည်နေကြခြင်းမှာ စေတနာရှင်များ၏ ငွေအားနှင့် စေတနာ ဆရာဝန်များ၏ လုပ်အား ပေါင်းစပ်မှုကြောင့် ဖြစ်သည်။ ဆေးဖိုး ဈေးကြီးတိုင်း၊ ဆရာဝန်က လိုအပ်၍ တစ်ခုခု ဓါတ်ခွဲ စစ်ဆေးမှု တစ်ခုခု လုပ်ခိုင်းတိုင်း၊ ဆရာဝန်ကိုပဲ အပြစ်တင်ချင် ကြသည်။ ဆရာဝန်ဆိုသည်နှင့် ငွေမက်သည့် လူတန်းစားလို ပုံဖေါ်ကြတာတော့ မကောင်းပေ။ ကုသိုလ်ဖြစ် ဆေးခန်းတွင် လုပ်အားပေးရင်း လူနာမပြတ်၍ ထမင်းစားချိန် နောက်ကျသော အခါတွင် ငြူစူသည့် ဆရာဝန် တစ်ဦးမှ မတွေ့ခဲ့ဖူးပါ။ အားလုံး လူနာကုန်မှပဲ ပျော်ပျော်ပါးပါး ထမင်းစားဖြစ်သည်။

မည်သို့ပင် ဆိုစေ ကုသိုလ်ဖြစ် ဆေးခန်းများသည် ယနေ့လူထု၏ ကျန်းမာရေး လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးလျက် ရှိသည်။ ထိုဆေးခန်းများ ပေါ်ပေါက်လာ၍ ကျွန်တော်တို့လို ဆရာဝန် ပေါက်စတွေ လုပ်အားပေးနိုင်သည်။ လုပ်အားပေးနိုင်သော ဆရာဝန်များ ရှိ၍လည်း ဆေးခန်းများ ဆက်လက် ရပ်တည်နိုင်ကြသည်။ ရန်ကုန်တွင် ဆရာဝန် လုပ်ရသည်မှာ ကြီးမြင့်သော နေထိုင်စားသောက်မှု စရိတ်ကြောင့် ခါးသီးလှ သော်လည်း ထိုသို့သော ချိုမြိန်မှုလေးများ ရှိပြန်သည်။ သို့သော် ဆရာဝန်လည်း သူ့အခက်အခဲနှင့်သူ ရှိသဖြင့် စီနီယာ အစ်ကို တစ်ယောက်၏ စကားနှင့် ပြောရပါမှု "ထမင်းစားတဲ့ သတ္တဝါ၊ မိသားစုဆိုတာလည်း ရှိတဲ့ သတ္တဝါ၊ တပ်မက်မှုလည်း မစွန့်နိုင်သေးတဲ့ သတ္တဝါ ဖြစ်နေသမျှတော့ ဆရာဝန်တွေလည်း အခမဲ့ ကုပေးနိုင်ဦးမည် မထင်ပါ" ဟုပင် ဆိုရလိမ့်မည်။ Scalpel ကိုယ်တိုင်လည်း တဖက်တွင် လူနာ မလာတချက် လာတချက် ဂျီပီ ဆေးခန်းလေး ရှိနေ၍ ထိုက်သင့်သလောက် (ကိုယ့်မုန့်ဖိုး၊ ပဲဖိုးလောက်တော့ ရသည်) အဆင်ပြေပြီး တဖက် ကုသိုလ်ဖြစ်ဆေးခန်းတွင် ပိတ်ရက်မှာ အချိန်နှစ်ပြီး လုပ်အားပေးနိုင်ခြင်း ဖြစ်လေသည်။

Scalpel တစ်ယောက် ရန်ကုန် ရောက်ရောက်ချင်းတုန်းက ပျော်သည်၊ နောက်တော့ နယ်စပ်ကိုပဲ လွမ်းချင် သလိုလို ဖြစ်လာသည်။ မိသားစုနှင့် အတူနေရပြီး အပေါင်းအသင်းတွေ အနီးအနားမှာ အတူရှိနေသော်လည်း ဆရာဝန် အလုပ်နှင့် ငွေမရှာချင်တော့ ၍ဖြစ်လေသည်။ ကိုယ့်ပါ့ကိုယ် အေးအေးလူလူ ဆေးကုရင်း နယ်စပ်က တိုင်းရင်းသားတွေကြားမှာ ပီတီကိုစား အားရှိခဲ့ရတဲ့ အချိန်တွေကို သတိရရင်း Scalpel တစ်ယောက် ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ရုန်းကန်လှုပ်ရှားလျက် ရှိပါကြောင်း ...

(အလုပ်တွေ မအားတာရော၊ စားမေးပွဲ ဖြေနေရတာ ရောကြောင့် အွန်လိုင်းကို မရောက်နိုင်ဘူး ဖြစ်သွားတယ်၊ လာလည်ကြတဲ့ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ နောက်ကို ကြိုးစားပြီး ရေးပါ့မယ်)

လေးစားမှုဖြင့်
Scalpel

3 comments:

တတ်မြောက်ထားသော ပညာများနဲ့ အများအကျိုးကို
စေတနာရှိရှိ ဖြည့်စွမ်းပေးနိုင်တဲ့ ဆရာဝန် တစ်ဦးဖြစ်
ပါစေလို့.....

ဆေးခန်းလာပြဦးမှပဲ..ဆေးထိုးရမှာတော့ လန့်သဗျိုးးး
း )
ပျော်ပါစေခင်ဗျာ..
လေးစားစွာ

December 9, 2009 2:25 AM  

ဒီအိမ်ကိုလာလည်ရတာ တစ်ခါတစ်လေ.. နည်းနည်းလန့်တယ်.... ဆရာဝန်က စေတနာအပြည့်နဲ့ ဆိုတော့ လာသမျှလူနာထင်ပြီ ဆေးထိုးပေးမှာကြောက်လို့

December 9, 2009 3:41 AM  

ဆရာဝန် အလုပ်နှင့် ငွေမရှာချင်တော့...

အမှန်ဘဲDr. Scalpel ရေ။ ကျွန်တော်ကတော့သုတေသနနဲ့သင်ကြားရေးကိုဘဲ တစိုက်မတ်မတ်လုပ်ချင်စိတ်ပေါက်လာမိပါတယ်။

February 8, 2010 7:47 AM  

Older Post Home