သို့သော် ရန်ကုန်တွင် ဆရာဝန် လုပ်ရတာ အခက်အခဲတွေလည်း ရှိပြန်သည်။ မိဘအစဉ်အဆက် ချမ်းသာသူ ဖြစ်လျှင်တော့ အခက်အခဲ သိပ်မရှိနိုင်၊ ဆေးရုံနှင့် အိမ်ကို ကားလေးနှင့် အေးအေးလူလူ သွား၍၊ ကိုယ့်စာကိုယ် ဖတ်ရင်း ဆရာဝန်လုပ်နိုင်သည်။ ကျွန်တော်တို့လို ဆရာဝန်ပေါက်စ လူမွဲများ အတွက်ကား ရန်ကုန်တွင် ဆရာဝန် လုပ်ရခြင်း၏ အခက်အခဲမှာ စားဝတ်နေရေးပင် ဖြစ်လေသည်။ နယ်မှာတုန်းကလို ဆေးရုံကို လမ်းလျှောက်သွား၍ မရ၊ မနက်အိပ်ယာထ၍ ဆေးရုံသွားတော့ မည် ဆိုတာနဲ့ ဘတ်စကားခ က စကုန်တော့သည်။ ဒါတောင် မိသားစုနှင့် အတူနေ၍ တော်သေးသည်။ မနက်စာကို အိမ်က စားသည်၊ နေ့လည်စာ အတွက် ထမင်းချိုင့်ထည့်သည်။ မိဘအိမ်မှာ ကပ်စားနေပေမယ့် ဆရာဝန်ဖြစ်မှ မုန့်ဖိုးအထိတော့ အိမ်က မတောင်းချင်တော့။ ဒီတော့ ကိုယ့်လခနှင့် မလောက်ငှတော့ အပိုဝင်ငွေ ရှာရသည်။
ခြောက်နှစ်ခန့် ဆေးပညာတွေသာ သင်ခဲ့သဖြင့် လူနာကုသည့် အလုပ်မှ လွဲ၍ ဘာမှ မလုပ်တတ်။ ဆေးကုသမှု အတွေ့အကြုံ အများကြီး မရှိသော်လည်း မိမိ ဆရာဝန် ပေါက်စ အတွေ့အကြုံ ပညာနှင့်ပင် ဆေးခန်းထိုင်ရင်း ထိုက်သင့် သလောက် ၀င်ငွေရှိချင်သည်။ သို့သော် ကိုယ်တိုင် ဆေးခန်းဖွင့်ဖို ဆိုတာက အရင်းအနှီးကြီးလှသည်။ ကိုယ့်မိသားစုကလည်း ဆေးခန်းတခန်း ထူထောင်ပေး နိုင်လောက်အောင် မတတ်နိုင်။ အထုးကု ဆေးခန်းကြီးတွေတွင် လုပ်ရန်မှာလည်း ဂျူတီတွေကြောင့် အဆင်မပြေပြန်။ ဒီလိုနဲ့ Relieving ခေါ် သူများဖွင့်ထားတဲ့ ဆေးခန်းမှာ အငှားထိုင်တဲ့ အလုပ်ကို ရှာရသည်။
ဆေးကျောင်းတစ်ခုမှာ သရုပ်ပြ လုပ်နေတဲ့ စီနီယာ အစ်မတစ်ယောက် အဆက်အသွယ်နဲ့ သူမနက်ပိုင်း ထိုင်နေတဲ့ ဆေးခန်းမှာ ညနေပိုင်း ဆရာဝန် အလုပ်ကို ရသည်။ ကျွန်တော့် ညဂျူတီတွေက တစ်ပါတ်ကို နှစ်ရက် ရှိသဖြင့် ဂျူတီကျတဲ့ ညတွေမှာ အစားထိုင်ပေးဖို့ သူငယ်ချင်း ဆရာဝန် တစ်ယောက်ယောက်ကို အကူအညီ တောင်းရသည်။ ကိုယ့် အလုပ်နှင့်ကိုယ် ၀င်ငွေရှာရမည် ဆိုတော့ အစကတော့ ဘာပဲပြောပြော တက်ကြွနေမိသည်။
ဆေးခန်းပိုင်ရှင်က နေရာထိုင်ခင်းနှင့် ဆေးစိုက်သည်၊ ကိုယ်က ပညာစိုက်ရသည်၊ အကျိုးအမြတ်ကို ဆရာဝန်က ၄၀% ရသည်။ သို့သော် ကျွန်တော် စထိုင်သောလတွင် လူနာပါးသဖြင့် ဆေးခန်းပိုင်ရှင်က ၄၀% မလုပ်ဘဲ၊ လခနှင့် ထိုင်ဖို့ ကမ်းလှမ်းသည်။ လူနာများတဲ့ လတွေကျမှ ရာခိုင်နှုန်းနှင့် ယူရန်ပြောသည်၊ ဆေးခန်းကို ဆရာဝန် မပြတ်စေချင် သဖြင့် လူနာပါးသော ကာလတွင်လည်း အရှုံးခံပြီး ဖွင့်ထားတာ ဖြစ်ကြောင်းပြောသည်။ ဆေးခန်းပိုင်ရှင် သဘောကောင်း၍သာ တော်သေးသည်၊ အကယ်၍ ရာခိုင်နှုန်းဖြင့်သာ ယူရလျှင် Scalpel တစ်ယောက် ဆေးခန်းလာရသည့် ကားခရှုံးသော နေ့များစွာ ကြုံခဲ့ရပေလိမ့်မည်။ ဆေးခန်းတွင် သွားထိုင်နေပြီး လူနာတစ်ယောက်မှ မရသော ညများစွာ ကြုံခဲ့ရလေသည်။
ညနေ ဆေးရုံက အပြန် အိမ်တန်းမပြန်နိုင်ဘဲ အစာပြေ မုန့်တခုခု စား၍ ဆေးခန်းဝင်ရသည်။ သို့သော် ဆေးခန်းတွင် လူနာ တစ်ယောက်မှ မလာ၍ တစ်ယောက်တည်း ထိုင်နေရသည့် အခါတွင်ကား စိတ်ဓါတ်တို့ ကျစပြုလာသည်။ လူနာမလာ၍ လာရန်လည်း မမျှော်ကောင်းသော ဆရာဝန် အလုပ်ကို ဘာ့ကြောင့် ရွေးချယ်ခဲ့မိသနည်းဟု နာနာကျည်းကျည်း တွေးမိလာသည်။ ဆရာဝန်အလုပ်နှင့် ငွေရှာရသည်ကား သူများနေထိုင် မကောင်းမှ အဆင်ပြေရတော့ မလိုဖြစ်နေသည်။ ကိုယ့်အလုပ် အဆင်ပြေဖို့ အတွက်တော့ သူများ နေထိုင်မကောင်းရန် မမျှော်ချင်ပြန်။ ဒီလိုနဲ့ ဆေးခန်းလေးထဲမှာ အထီးကျန်စွာ ထိုင်ရင်း၊ ညနေ ၆ နာရီလောက်ကနေ စထိုင်နေတာ ည ကိုးနာရီ လောက်မှာတော့ ကားမှတ်တိုင်မှာ ကားရောကျန်မှ ကျန်ပါ့မလားလို့ စိတ်မောစွာ စောင့်ရင်း လူနာလည်း မလာပဲ ထိုင်နေခဲ့ရတဲ့ အချိန်တွေက ခါးသီးလှသည်။
မြို့လည်ခေါင် မဟုတ်သော်လည်း အထုးကုဆေးခန်းကြီးတွေ များပြားလှသော နေရာမှာ ဆရာဝန် ပေါက်စ တစ်ယောက် ထိုင်နေတဲ့ ဆေးခန်းလေးအတွက် လူနာရဲ့ ယုံကြည်မှု ရဖို့ကလည်း မလွယ်ပြန်။ ဆေးခန်းအလုပ်သည် ကြေငြာဆိုင်းဘုတ် ကြီးကြီး ထောင်လျှင်ပင် ဆရာဝန်ကျင့်ဝတ်နှင့် မညီပေ။ ကြေငြာများ ဝေငှ၍ ပရိုမိုးရှင်း မလုပ်ကောင်းသော လုပ်ငန်းဖြစ်ရကား ရောက်လာသော လူနာကိုသာ ကိုယ့်ကြောင့် လန်မသွားအောင် ကြိုးစားရသည်။ ဒီလိုနှင့် တဖြည်းဖြည်းနဲ့ လူသိလာ၍ လူနာတော့ ရလာသည်။ သို့သော် တနေ့ (၅) ယောက်လောက် ရတဲ့နေ့ဆို လူနာများသည်ဟု ဆိုနိုင်သည်။ အစကတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေသည် ထင်သည်၊ နောက်မှ ဂျီပီထိုင်သော သူငယ်ချင်းတွေကို မေးမြန်းစုံစမ်း ကြည့်တော့ တနေ့ ပျမ်းမျှ လူနာ (၅) ယောက်လောက် ရသော ဆရာဝန်ကို ဂျီပီ ကောင်းသည်ဟု ပြောနိုင်သည် ဆိုပါကလား။
လူအများလည်း စီးပွားရေး အဆင်မပြေသော ခေတ်ကာလမို့ တော်ရုံတန်ရုံ ဖျားလျှင်နာလျှင် ဆေးခန်းမပြနိုင်၊ တော်တော်တန်တန် ဖြစ်လျှင် လမ်းဘေးကွမ်းယာဆိုင် ရောက်ကုန်ကြသည်။ မတတ်သာမှ၊ စိုးရိမ်ရမှ ဆေးခန်းရောက်လာ ကြတော့သည်။ တတ်နိုင်သည့် လူများကြတော့လည်း အထွေထွေရောဂါကု ဆရာဝန် ထိုင်သည့် ဂျီပီဆေးခန်းတွင် မပြချင်၊ အထူးကုကိုမှ အထင်ကြီး သဖြင့် အထူးကု ဆေးခန်းကြီးတွေ ရောက်ကုန်သည်။ လူတန်းစား ကွာဟချက် ကြီးမားလာနေသည့် ရန်ကုန်မြို့ကြီးတွင် ဒုက္ခရောက်ရသည့် အထဲတွင် Scalpel တို့လို Relieving ဆရာဝန်ငယ်များလည်း ပါပေမည်။
ဆေးခန်းထိုင်ရတာ စီးပွားရေး အရ အဆင်မပြေတာရော၊ အတွေ့အကြုံ လိုချင်သည်ကလည်း တပိုင်းဖြစ်လေသည်။ သို့သော် လူနာ မမှန်သည့် ဆေးခန်းတွင် အတွေ့အကြုံ ကတော့ မရနိုင်၊ ဒီလိုနှင့် Scalpel တစ်ယောက် အဆက်အသွယ် ရှာဖွေရင်း ကုသိုလ်ဖြစ်ဆေးခန်း တစ်ခုနှင့် အဆက်အသွယ် ရခဲ့သည်။ စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ ဂျူတီ မကျသော ရက်များတွင် ကုသိုလ်ဖြစ် ဆေးခန်းတွင် မနက်ပိုင်း ထိုင်ဖြစ်သည်။ မိမိ ထိုင်သော ဆေးခန်းတွင် လူနာမကြည့်ရသော်လည်း၊ ကုသိုလ်ဖြစ် ဆေးခန်းတွင် လူနာ ကြိတ်ကြိတ်တိုးနေအောင် ကြည့်ရသည်။ မနက် ၇ နာရီခွဲ လောက်က စ၍ တခါတရံ နေ့လည် ထမင်းစားချိန် ကျော်သည် အထိ လက်မလည်အောင် ကြည့်ရသည်။ ဂျီပီထိုင်နေစဉ်က ရန်ကုန်မြို့ကြီးမှာ လူနာများ ရှားပါးလှချည်လား၊ လူတွေ ကျန်းမာနေလို့ ဖြစ်မှာပေါ့လေဟု ထင်ခဲ့မိတာ အခုမှ မဟုတ်မှန်း သိရသည်။ လူတွေ ကျန်းမာနေတာ မဟုတ်၊ ပိုက်ဆံပေး၍ ကုရသော ဆေးခန်းများသို့ ဆေးကုသမှု စရိတ် မတတ်နိုင်သဖြင့် မရောက်လာနိုင် ကြတာ ဖြစ်သည်။
ယခု ကုသိုလ်ဖြစ် ဆေးခန်းတွင်တော့ လူနာများ ကြိတ်ကြိတ်တိုးနေပေသည်၊ မနက်အစောကြီး ဆေးခန်းမဖွင့်ခင်ထဲက တုံကင်က တော်တော်ရောက်နေပြီ ဖြစ်သည်။ စေတနာရှင်များ ကျေးဇူးကြောင့် လူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်စည်းပေး နေသော ကုသိုလ်ဖြစ် ဆေးခန်းတွေ တိုးပွားလာနေခြင်းကို သာဓု ခေါ်ပါသည်။ နှင့်မို့သာဆိုလျှင် လူနာတွေ ကွမ်းယာဆိုင်နှင့် လမ်းဘေး ဈေးဆိုင်များတွင် ဆေးတွဲခိုင်းပြီး သောက်ရသည့် ဘ၀သို့ များများ ရောက်ကုန် ကြပေမည်။ ကုသိုလ်ဖြစ် ဆေးခန်းတွင် ထိုင်ရတာ ကျွန်တော်တို့ အတွက် လူပင်ပန်း သော်လည်း ပိုက်ဆံ မရပါ၊ သို့သော် ကုသိုလ်ရသည်၊ ကုသမှု အတွေ့အကြုံ ရသည်၊ ထို့အပြင် လူနာများ စိတ်ချမ်းသာတာ မြင်ရလျှင် ပီတီကိုလည်း ရပေသည်။
ဆရာဝန် အလုပ်ကို လုပ်ပြီဆိုတည်းက ဆရာဝန်တိုင်း ရင်ထဲတွင် လူနာအပေါ် စေတနာအရင်းခံ အနည်းနှင့်အများ ရှိကြမည် ထင်သည်။ သို့သော် အခြေအနေ အကြောင်းကြောင်း အရ တချို့လည်း အသပြာ ဆရာဝန်ဘ၀ကို ရောက်ကုန်သည်။ သို့သော် လူတိုင်းတော့လည်း မဟုတ်ပြန်ပါ။ ကုသိုလ်ဖြစ် ဆေးခန်းများ ရပ်တည်နေကြခြင်းမှာ စေတနာရှင်များ၏ ငွေအားနှင့် စေတနာ ဆရာဝန်များ၏ လုပ်အား ပေါင်းစပ်မှုကြောင့် ဖြစ်သည်။ ဆေးဖိုး ဈေးကြီးတိုင်း၊ ဆရာဝန်က လိုအပ်၍ တစ်ခုခု ဓါတ်ခွဲ စစ်ဆေးမှု တစ်ခုခု လုပ်ခိုင်းတိုင်း၊ ဆရာဝန်ကိုပဲ အပြစ်တင်ချင် ကြသည်။ ဆရာဝန်ဆိုသည်နှင့် ငွေမက်သည့် လူတန်းစားလို ပုံဖေါ်ကြတာတော့ မကောင်းပေ။ ကုသိုလ်ဖြစ် ဆေးခန်းတွင် လုပ်အားပေးရင်း လူနာမပြတ်၍ ထမင်းစားချိန် နောက်ကျသော အခါတွင် ငြူစူသည့် ဆရာဝန် တစ်ဦးမှ မတွေ့ခဲ့ဖူးပါ။ အားလုံး လူနာကုန်မှပဲ ပျော်ပျော်ပါးပါး ထမင်းစားဖြစ်သည်။
မည်သို့ပင် ဆိုစေ ကုသိုလ်ဖြစ် ဆေးခန်းများသည် ယနေ့လူထု၏ ကျန်းမာရေး လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးလျက် ရှိသည်။ ထိုဆေးခန်းများ ပေါ်ပေါက်လာ၍ ကျွန်တော်တို့လို ဆရာဝန် ပေါက်စတွေ လုပ်အားပေးနိုင်သည်။ လုပ်အားပေးနိုင်သော ဆရာဝန်များ ရှိ၍လည်း ဆေးခန်းများ ဆက်လက် ရပ်တည်နိုင်ကြသည်။ ရန်ကုန်တွင် ဆရာဝန် လုပ်ရသည်မှာ ကြီးမြင့်သော နေထိုင်စားသောက်မှု စရိတ်ကြောင့် ခါးသီးလှ သော်လည်း ထိုသို့သော ချိုမြိန်မှုလေးများ ရှိပြန်သည်။ သို့သော် ဆရာဝန်လည်း သူ့အခက်အခဲနှင့်သူ ရှိသဖြင့် စီနီယာ အစ်ကို တစ်ယောက်၏ စကားနှင့် ပြောရပါမှု "ထမင်းစားတဲ့ သတ္တဝါ၊ မိသားစုဆိုတာလည်း ရှိတဲ့ သတ္တဝါ၊ တပ်မက်မှုလည်း မစွန့်နိုင်သေးတဲ့ သတ္တဝါ ဖြစ်နေသမျှတော့ ဆရာဝန်တွေလည်း အခမဲ့ ကုပေးနိုင်ဦးမည် မထင်ပါ" ဟုပင် ဆိုရလိမ့်မည်။ Scalpel ကိုယ်တိုင်လည်း တဖက်တွင် လူနာ မလာတချက် လာတချက် ဂျီပီ ဆေးခန်းလေး ရှိနေ၍ ထိုက်သင့်သလောက် (ကိုယ့်မုန့်ဖိုး၊ ပဲဖိုးလောက်တော့ ရသည်) အဆင်ပြေပြီး တဖက် ကုသိုလ်ဖြစ်ဆေးခန်းတွင် ပိတ်ရက်မှာ အချိန်နှစ်ပြီး လုပ်အားပေးနိုင်ခြင်း ဖြစ်လေသည်။
Scalpel တစ်ယောက် ရန်ကုန် ရောက်ရောက်ချင်းတုန်းက ပျော်သည်၊ နောက်တော့ နယ်စပ်ကိုပဲ လွမ်းချင် သလိုလို ဖြစ်လာသည်။ မိသားစုနှင့် အတူနေရပြီး အပေါင်းအသင်းတွေ အနီးအနားမှာ အတူရှိနေသော်လည်း ဆရာဝန် အလုပ်နှင့် ငွေမရှာချင်တော့ ၍ဖြစ်လေသည်။ ကိုယ့်ပါ့ကိုယ် အေးအေးလူလူ ဆေးကုရင်း နယ်စပ်က တိုင်းရင်းသားတွေကြားမှာ ပီတီကိုစား အားရှိခဲ့ရတဲ့ အချိန်တွေကို သတိရရင်း Scalpel တစ်ယောက် ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ရုန်းကန်လှုပ်ရှားလျက် ရှိပါကြောင်း ...
(အလုပ်တွေ မအားတာရော၊ စားမေးပွဲ ဖြေနေရတာ ရောကြောင့် အွန်လိုင်းကို မရောက်နိုင်ဘူး ဖြစ်သွားတယ်၊ လာလည်ကြတဲ့ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ နောက်ကို ကြိုးစားပြီး ရေးပါ့မယ်)
လေးစားမှုဖြင့်
Scalpel
Labels: အတွေ့ အကြုံ

ရောက်သည့် အချိန်က ဖေဖေါ်ဝါရီလ။ ဆောင်းတွင်းမို့ အေးလို့ကောင်းတုန်း။ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်ပေါ်ဒေသ ဆိုတော့လည်း အေးသပေါ့ဗျာ။ ငှက်ဖျား ကလည်း ဒီဒေသက နာမည်ကြီး ဆိုတော့ ကြောက်လည်းကြောက်သည်။ မလာခင် ကတည်းက ကာကွယ်ဆေးကြိုသောက်ခဲ့ သော်လည်း စိတ်မချရ။ တခါလောက် ဖြစ်ပြီးသွားတော့ မှပဲ ဒီဒေသတွင် နေနိုင်သွားသည်ဟု ဆိုသည်။ ကျောင်းပြီးခါစ ဆရာဝန်ပေါက်စ အတွက် သွားရတဲ့ နေရာက နယ်စပ်ဒေသ ဆိုတော့ ကြောက်လည်းကြောက်မိသည်။ အဲဒီ ဒေသတွေက အခု ငြိမ်းချမ်းနေပြီ ဆိုပေမယ့်၊ ကိုယ့် အတွေ့အကြုံနှင့် ပညာကို မယုံကြည်သောကြောင့် ကြောက်ခြင်းဖြစ်သည်။ ကိုယ့်မှာ အတွေ့အကြုံ မစုံသည် သာမက ကိုယ့်ဆေးရုံမှာ ပစ္စည်းကလည်း မစုံ။ တခုခု များ ရောဂါ ကြီးကြီးမားမားနဲ့ ရောက်လာခဲ့လျှင် တကယ်မလွယ်။ တနေ့နေ့ သတ္တ၀ါ အများ ကျန်းမာချမ်းသာကြပါစေ ကြောင်းမေတ္တာပို့ရတာလည်း အမော။ အထူးသဖြင့် ကိုယ့်ဒေသ က လူတွေကျန်းမာဖို့ စူးစူးစိုက်စိုက်နှင့် မေတ္တာပို့ဖြစ်သည်။ သူတို့ တခုခု ဖြစ်လျှင်ကိုယ့် တာဝန် မဟုတ်လား။ ကိုယ့်အပေါ်မှာ တာဝန် မရှိသေးတဲ့ အချိန်တုန်းကတော့ case များများရရင် ပျော်ဖူးသည်။ အခုတော့ ကြောက်တတ်လာသည် မပြည့်စုံသည့် ပစ္စည်းနှင့် တိုင်ပင်ရမည့်၊ အားကိုးရမည့် ကိုယ့်အထက်စီနီယာ လည်းမရှိခြင်းကြောင့် ယုံကြည်မှု လုံးဝမရှိခဲ့။ ရောက်လာ သမျှလူနာကိုတော့ စိုးရိမ်တကြီးနှင့် အပင်ပန်းခံ ကုသပေးမှုကြောင့် ဒေသခံတွေက ချစ်လာကြသည် (တကယ်တော့ ကိုယ့်ရဲ့ မပြည့်ဝ တဲ့ ပညာကြောင့် လူနာတခုခု ဖြစ်မှာစိုးရိမ်ပြီး၊ လူနာကို နေမကောင်းမချင်း တောက်လျှောက် စောင့်ကြည့်ကာ အပင်ပန်းခံ ကုသပေး ဖြစ်ခြင်းဖြစ် သည်။) ကိုယ် မနိုင်တဲ့ case ရောက်လာလို့ လည်း လွဲပြောင်းကုသရန် ဆယ်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။ ဒီတော့ ကိုယ်မကယ်တင်နိုင်လောက်တဲ့ လူနာမျိုး ရောက်မလာ စေဖို့ ဆုတောင်းရသည်။ အခါအားလျှော်စွာ ကျန်းမာရေး ပညာပေး ဆွေးနွေးမှု လေးတွေလည်း လုပ်ဖြစ်သည်။ ကိုယ့်စကားကို သူတို့က နားမလည်သည် မို့ စကားပြန်နှင့် ပြောရသည်။ စကားပြန်ကလည်း ခရစ်ယာန်ဓမ္မဆရာ တစ်ယောက်သာ မြန်မာစကား ကောင်းကောင်းတတ်သည်။ ဓမ္မဆရာ မရှိသည့် အချိန်ဆို ရွာလူကြီး က အစ မြန်မာ စကားကောင်းကောင်း မတတ်သဖြင့် ဆက်သွယ်ရတာ အခက်အခဲ ရှိသည်။ တခါ ရွာလူကြီးက သူ့သမီး မီးဖွားခါနီးတွင် " ငါ့သမီး ပေါက်တော့ မဟေ့ " ဆိုပြီး လာခေါ်တာကို အမှတ်ရမိသည်။ သူ့စကားကိုယ် ကောင်းကောင်းနားမလည်၊ ကိုယ့်စကား သူကောင်းကောင်း နားမလည်သော်လည်း ကိုယ့်စေတနာ ကိုတော့ သူတို့နားလည်ကြသည်။ ကိုယ်ကလည်း ဒီဒေသ လေးကိုသံယောဇဉ် ဖြစ်မိသည်။ သူတို့ကလည်း ကိုယ့်ကို ချစ်ကြသည်။ ဆေးဝါးကုသ ခ အဖြစ် သူတို့ ထံမှငွေကြေး တပြား၊ တချပ်မှ မရဖူးပါ၊ (တောင်းလည်း မတောင်းခံ ခဲ့ပါ) သို့သော် သူတို့ ခြံထွက် ကောက်ပဲသီးနှံ အစုံရသည်၊ တတ်နိုင်သလောက် တော့ တခုခု ပြန်ပေး ချင်သော သူတို့စေတနာက သူတို့မျက် နှာပေါ်တွင် ပေါ်လွင်နေသည်။ ဒီလိုကျတော့လည်း ကြည်နူးပီတိ ဖြစ်ရသည်။ ပြောင်းရွှေ့ ခွင့်ကျလာ သည့် အချိန်တွင်တော့ လွမ်းမိ သလိုလို ပင်ဖြစ်မိသေးသည်။ ဘာပဲဖြစ်ဖြစ် ဆရာဝန် ဘ၀မှာ ပထမဆုံး နယ်posting အတွေ့အကြုံလေးတွေကတော့ ဘ၀ မှာ မမေ့ပျောက်နိုင်စရာ အမှတ်တရ လေးတွေ ဖြစ်ခဲ့ သည်။ ကိုယ်တာဝန် ယူရသည့် အချိန်အတွင်း လူနာတဦးတယောက် ကိုမှ မဆုံးရှုံးခဲ့ရခြင်း အတွက်လည်း ၀မ်းမြောက်မိသည် ( ကံကောင်းလို့ case ကြီးကြီးမားမား တခုမှ ရောက်မလာခဲ့ဘူးလေ၊ ဒါတောင် တညလုံးအိပ်ရေးပျက် ခံပြီးလူနာကို တထိတ်ထိတ်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ case နှစ်ခုလောက်တော့ ကြုံခဲ့ရသေးသည်။)
တယောက်တည်း အားကိုးရမည့်သူ မရှိမှ ကြောက်ပြီး စာတွေပိုဖတ်ဖြစ်ခဲ့သည်။ ( နောက်တော့ မြို့ပေါ်ဆေးရုံလည်း ပြန်ရောက်ရော လူမှုရေး ကိစ္စတွေများ၊ အပေါင်းအသင်းတွေ နဲ့လည်း ဆုံပြီးစာသိပ်မဖတ်ဖြစ်တော့)။ ဒါပေမယ့် နောက်တခါ တနေရာရာကို သွားရဦးမည် ဆိုလျှင် ကိုယ့် ကိုယ်ကို မယုံမကြည်နှင့် မသွားချင်၊ ဘယ်လိုရောဂါမျိုး၊ ဘယ်လို အခြေအနေမျိုးကို ဘယ်အတိုင်း အတာ အထိတော့ ငါကောင်းကောင်း ကုသ ပေးနိုင်သည် ဆိုသော ယုံကြည်မှု ခိုင်ခိုင်မာမာ နှင့်သွားချင်သည်။ လူနာ လာခေါ်လျှင် ကိုယ်မနိုင်သော case ဖြစ်မှာစိုးသဖြင့်၊ တံခါးလာခေါက်သံကို ကြောက်နေရသော၊ လူနာမလာ ပါစေနှင့် ဆုတောင်း နေရသော ဆရာဝန်ဘ၀ မျိုးကို ပထမ posting အတွေ့ အကြုံကြောင့် မဖြစ်ချင်တော့။ ထို့ကြောင့် တခါတလေ လည်း စာဖတ်ဖြစ်ပြန်သည်။
ကိုယ့်ရဲ့ ပထမဆုံး ဦးစီးခဲ့ရသည့် ဒီဆေးရုံလေး ကိုလည်း သံယောဇဉ်ရှိသည်။ ရိုးသားတဲ့ ဒေသခံ တိုင်းရင်းသားတွေကိုလည်း ချစ်သည်။ တနေ့နေ့ တော့ အရောက်ပြန်သွားပြီး ဆေးရုံလေးမှာ လိုအပ်နေတဲ့ ပစ္စည်းတွေ ဖြည့်စည်းပေးချင်ကြောင်း ဆန္ဒပြုရင်း ...။ ( တတ်နိုင်တဲ့ တနေ့ပေါ့လေ၊ ဘယ်နေ့လည်း ဆိုတာကတော့ ...)
လေးစားမှုဖြင့်
Scalpel
( ဓါတ်ပုံကို ဤ နေရာ မှ ရယူထားပါသည်။)
Labels: အတွေ့ အကြုံ
ခွဲစိတ်ဆရာဝန်ကြီးက ခွဲခန်းထဲမှ ထွက်လာပြီး လှမ်းမေးလိုက်သည်။ သူထိုင်ရာမှ ဗြုန်းကနဲ ထလိုက်မိသည်။ ဆရာဝန်ကြီး မျက်နှာထက်တွင်တော့ ထူးထူးခြားခြား အမူအရာမရှိပေ။ သူ ဆရာဝန်ကြီးနားသို့ အပြေးတစ်ပိုင်း သွားသည်။ ရင်ကခုန်လွန်းသဖြင့် အပြင်ကိုပင် ထွက်လာမှာ စိုးရသည်။ နားထဲမှာလဲ ဝူးဝူးဝါးဝါး ဖြစ်နေသည်။ ဆရာဝန်ကြီးမျက်နှာကို သူ အားကိုးတစ်ကြီး ကြည့်မိသည်။ သူ့ မျက်နှာက ပူပင်သောကတွေစိုးရိမ်စိတ်တွေက အတော် ပေါ်လွင်နေ၍လားမသိ ဆရာဝန်ကြီးက
“စိတ်မပူပါနဲ့ အားလုံးချောချော မွေ့မွေ့ပါပဲ ။ လူနာလည်း အားလုံးကောင်းတယ်။ Complication လည်း မရှိပါဘူး။ ခဏနေ ထွက်လာလိမ်မယ် ဟုတ်လား။”
“ကျေးဇူးတင်ပါတယ် ဒေါက်တာရယ်။ ကျေးဇူးတင်ပါတယ် ။ သူ အားလုံး ကောင်းပါတယ်နော်”
ဆရာဝန်ကြီးက သူ ထပ်မေးသည်ကို နားလည် စာနာစွာပင် ပြုံးပြီး ထပ်ဖြေသည်။
“ကောင်းပါတယ်ဗျာ။ စိတ်မပူနဲ့တော့ ။ ကဲကျွန်တော့်ကိုခွင်ြ့ပုပါဦး”
“ဟုတ်ကဲ့ ဒေါက်တာ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ”
သူ ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောရင်း ခွဲစိတ်ခန်းအဝတွင် ကျန်ရစ်ခဲ့သည်။ သူ့ရင်ထဲက အပူလုံးကြီး ခုမှပင် ကျသွားတော့သည်။ ဆရာဝန်တွေဟာ လူတွေရဲ့ ပူပင်သောကတွေကို ဖယ်ရှား ပေးသူတွေပါပဲလား။ ဒီလောက်ခက်ခဲတဲ့ အလုပ်မှာ ဒီလောက်ကျေနပ်စရာ ကောင်းတဲ့ ပီတိတွေ ရှိနေလို့လဲ ဆရာဝန်အလုပ်ကို သူတို့ မြတ်မြတ်နိုးနိုး လုပ်နေကြသည်ပဲကိုး။
အန်တီကြီးကတော့ သူ့ကို အပြုံးဖြင့် စကားဆိုသည်။
“ကဲမောင်ရင် မင်းစိတ်မပူနဲ့ တော့လေ။ ခဏနေ သူထွက်လာတော့မှာပါ”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ အန်တီ။ ကျေးဇူးတင်ပါတယ်။”
နွယ် ခွဲခန်းထဲက ထွက်လာတော့ အန်တီကြီးကို နှုတ်ဆက်ကာ နွယ်နောက်သို့ လိုက်သွားသည်။ နွယ်ကတော့ မေ့ဆေး အရှိန်နဲ့ မှိန်းနေသေးသည်။ နွယ့်မျက်နှာက ယခုတော့ နာကျင်မှုတွေ ကင်းစင်လို့နေသည်။ သူမမျက်လုံးလေး ဖွင့်ပြီး သူ့ကို ပြုံးပြတော့ သူ့အသက် ပြန်ရလိုက်သလို ခံစားလိုက်ရသည်။ နွယ့်နဖူးကို သူနာပြုများရှေ့တွင်ပင် မရှက်နိုင်ပဲ သူနမ်းလိုက်မိသည်။ ဆရာမလေးများကတော့ လူနာရှင်တွေရဲ့ သောကကို နားလည်စွာ အပြစ်မတင် ကြပါချေ။
နွယ်လူနာခန်းထဲသို့ ရောက်သောအခါမှပင် နှစ်ဖက်မိဘများကို အကြောင်းကြားရသည်။ နွယ့်မေမေက သူ့ကို ဆူနေ သေးသည်။ သို့သော် သူချေပမနေ တော့ပါ။ မကြာခင် သူ့ဖေဖေကော မေမေပါ ရောက်လာကြသည်။ နွယ့် မိဘတွေ ထက်ပင် ခပ်မြန်မြန် ရောက်လာသေးသဖြင့် အဖေနဲ့ အမေ့ကို သူတော်တော် ကျေးဇူးတင်မိသည်။
မိဘ တွေအားလုံး စုံတော့မှ သူ ဗိုက်သိပ်ဆာနေသည်ကို သိသော နွယ့်ဖေဖေက သူ့ကို တစ်ခုခု သွားအစားခိုင်းလိုက်သည်။ နွယ့်ကို သူ့ကိုယ်စား ပြုစုပေးမည့် မိဘတွေ ရောက်နေပြီဖြစ်၍ သူနွယ့်ကို စိတ်ချသွားနိုင်သည်။ နွယ့် လူနာအခန်းမှ ထွက်ကာဆေးရုံ အပြင်ဖက်သို့ တစ်ခုခုစားရန် ထွက်လာခဲ့သည်။
ခွဲစိတ်ခန်းဖက်ဆီမှာ သူ နှင့် အတော်ကြာကြာ စကားပြောဖြစ်ခဲ့သော အမျိုးသမီးကြီးကို ဖြတ်ကနဲ့ လှမ်းတွေ့ လိုက်ရသဖြင့် သူရပ်ပြီး ကြည့်နေလိုက်မိသည်။ သူမ ငိုလို့ပါလား။ ဘုရား ဘုရား။ သူ့ရင်ထဲ နင့်နေအောင်ခံစား လိုက်ရသည်။ အသက် ကြီးပြီဖြစ်သော ထိုအမျိုးသမီးကြီးသည် သူမ၏ တစ်ဦးတည်းသော အားကိုးအားထားရာ ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီ။ အမျိုးသမီးကြီးက သူ့ကိုတွေ့သွားပြီး မျက်ရည်လည်ရွှဲနှင့် ခေါင်းခါပြသည်။
သူမဘေးတွင် အားပေးမည့် သူပင်မရှိ။ ရှိခဲ့သော ခင်ပွန်းကလည်း သူမအား နှုတ်ပင်မဆက်ပဲ ထာဝရ ခွဲခွာသွားရစ်ပြီ။ သူမရင်ထဲက စိုးရိမ်ပူပန်မှုတွေသည် အပူမီး အဖြစ်ပြောင်းလဲ၍ သွားပေပြီ။ သူမ မှီတွယ်စရာ အားကိုးစရာ မရှိတော့ပေ။ ပြီးတော့ သူမဘေးတွင်လည်း နှစ်သိမ့်မည့် သားမရှိ ။ သူမအား အဖော်ပြုငိုပေးမည့် သမီးလုပ်သူ ကလည်းမရှိပြီ။
သူ နွယ့်အတွက် ပူပင်သောကတွေ ရောက်နေတုန်းက သူ့အားနှစ်သိမ့် ပေးခဲ့သော ထိုအမျိုးသမီးကြီး သည် ရုတ်ချည်းပင် ဆယ်နှစ်ခန့် ပို၍ အိုစာသွားသလို။ သူမ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ရောင်ခြည်တွေအစား ဝမ်းနည်း ကြေကွဲမှုတွေနှင့်။ သူ သူမဆီသို့ အသာလျှောက်လှမ်း သွားလိုက်သည်။ သူမ အတွက် ငိုစရာ ရင်ခွင်တစ်ခု လိုကောင်းလိုအပ် နေပေလိမ့်မည်။
သူမ က သူ့ကို မျက်ရည်များဖြင့် ပြည့်လျှံနေသော မျက်ဝန်းတွေဖြင့် ကြည့်ရှာသည်။ သူမ တစ်ခုခုပြောဖို့  ကြိုးစား သော်လည်း သူမပါးစပ်က မည်သည့်အသံမှ ထွက်မလာ။ သူဘာပြောရ မှန်းမသိ။ လူတွေ သေဆုံးတဲ့ အခါ ပြောသင့်သော စကားကို သူ မတတ်မြောက် သေးပါလား။
အမျိုးသမီးကြီးသည် အနားရောက်လာသော သူ့ကို သားအမှတ်နှင့် တအားဖက်တွယ်လျက် ရှိုက်ကြီးတငင်ငို ကြွေးရှာသည်။ သူမ ပခုံးကို အသာ ဖေးမလျက် သူ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေမိသည်။ သူမ တစ်ကိုယ်လုံး သိမ့်သိမ့် တုန် နေသလို သူမ အားကိုးရသော ရွှေတောင်ကြီးလည်း ပြိုခဲ့လေပြီ။ သူမရင်မှ ပူပင်သောက များသည် သူ့ရင်သို့ပင် ကူးစက်လာခဲ့ လေတော့သည်။
သူ့ရှေ့မှ ဘီးတပ်လူနာကုတင် တစ်ခု ဖြတ်သွား ပြန်လေပြီ။ ခေတ္တမျှ ဘီးလှိမ့်သံဖြင့် ဆူညံသွားသည်။ ဘီးတပ်ကုတင် ပေါ်တွင် ခပ်ငယ်ငယ် ကလေးတစ်ယောက် ပါသွားသည်ကို သူတွေ့လိုက်ရသည်။
လေးစားမှုဖြင့်
Scalpel
(ကိုယ်တိုင်ရေး ပိုစ့် မဟုတ်ပါခင်ဗျာ။ အစ်ကိုတစ်ယောက် ရေးထားတဲ့ ပိုစ့်ကို အစ်ကိုက ဘလော့တစ်ခု ဖွင့်ပြီး မရေးဖြစ်သေးတဲ့ အတွက် တောင်းယူဖေါ်ပြလိုက်ပါတယ်။)
Labels: ၀တ္ထုတို
သူ သက်ပြင်းကို အခါခါ ချနေမိသည်။ ခွဲစိတ်ခန်းတံခါးကို လှမ်းလှမ်း ကြည့်ရသည်မှာလည်း ပင်ပန်းလှပြီ၊ လေးဆယ့်ငါး မိနစ်ဟူသော အချိန်သည် ဒီနေရာတွင် အလွန်ကြာမြင့်လွန်းသည်ဟု သူထင်သည်။ အသည်းအသန် လူနာတွန်းလှည်း ဖြတ်ကျော်သွားအပြီး ခဏအကြာတွင် ခွဲစိတ်ခန်း ရှိရာစင်္ကြန်သို့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ချိုးကွေ့ဝင်လာသည်။
နောက်ဆုံး ခွဲခန်းထဲဝင်သွားသော လူနာ၏ အမျိုးသမီး သို့မဟုတ် ဆွေမျိုးသားချင်း ဖြစ်ပုံရသည်။ သူမအသွင်က ငွေကြေးပြည့်စုံပုံ တော့ရသည်။ သို့သော် လက်ဝတ်ရတနာများတော့ ဝတ်ဆင်ထားခြင်းမရှိ။ ရင်စိအကျီ င်္နီညိုရောင်နှင့် ခါးတွင်ပါတိတ်လုံချည် အနက်ရောင် ဝတ်ဆင်ထားသည်ကို သူ ဖြတ်ကနဲ တွေ့လိုက်ရသည်။
သူမက သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။ သူ့မျက်နှာချင်းဆိုင် ထိုင်ခုံများတွင် လူပြည့်နေသည် ဖြစ်၍ ထိုအမျိုးသမီးသည် သူ့နံဘေးတွင် လာထိုင်သည်။ သူမက ဖော်ရွေစွာ ပြုံးပြသည်။ွှအနားရောက်သောအခါမှ အမျိုးသမီးမှာ အသက်မငယ်လှတော့ကြောင်းတွေ့ လိုက်ရသည်။ သူမမျက်နှာထက်တွင် အခြားသူများကဲ့သို့ပင် ပူပင်သောကတွေကို သူတွေ့လိုက်ရသည်။
သူ အမျိုးသမီးကို ပြန်ပြုံးပြ လိုက်ပါသည်။ သူ့အပြုံးသည်လည်း သူမ အပြုံးကဲ့သို့ပင် အသက်ပါမည်မဟုတ်ပေ။ သူမ ထိုင်ရန် နေရာပို ကျယ်သွားစေရန် သူ့ကိုယ်ကို နည်းနည်းကျုံ့ပေးလိုက်သည်။ အမျိုးသမီးက အားနာ ဟန်ဖြင့်
“ အို ရပါတယ်ကွယ် ထိုင်ပါထိုင်ပါ။ ဘယ်သူ နေမကောင်းဖြစ်လို့လဲ။”
အမျိုးသမီး၏ အသံကတော့ အတော့်ကို အားယုတ်နေသည်။ သူမ မျက်ဝန်းများသည်လည်း အရောင်အဆင်း မရှိတော့လောက်အောင် မှိန်ဖျော့နေသည်။ သူမဆံပင်များ သည်လည်း နီကျင်ကာ အနည်းငယ်ဖွာကျနေသည်။ သူက အမျိုးသမီးကို အသာပြုံးပြရင်း
“ကျွန်တော့ အမျိုးသမီးပါ ဗျာ။ သူအူအတက်ပေါက်လို့။”
“အော် ဝင်သွားတာကြာပြီလား။ အရမ်း စိတ်ပူနေသလားကွယ်”
သူမက အသက်ကြီးသူပီပီ ကျွန်တော့်ကို ကိုယ်ချင်းစာစွာပြောသည်။ ကျွန်တော် ခေါင်းအသာအငြိမ့်ပြ တော့ သူမက
“ အင်း ကျန်းမာရေးမကောင်းရင်ဒီလိုပါပဲကွယ် ငါ့တူရယ် စိတ်မပူပါနဲ့။ မင်းအမျိုးသမီး ရောဂါက အရေးပေါ်ဆိုပေမယ့် အသက်အန္တရယ် မစိုးရိမ်ရပါဘူးကွယ့်။”
အော် အန်တီရယ် အသက်အန္တရာယ် မစိုးရိမ်ရဘူးဆိုတာတော့ ကျွန်တော်လည်း သိတာပေါ့။ ဒါပေမယ့် ကျွန်တော့်စိတ် ကတော့ ပူတာပေါ့ဗျာ။ သူပြန်မပြောဖြစ်သော်လည်း သူမ နှစ်သိမ့်စကားကို အသိ အမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့် ပြလိုက်သည်။
“မင်းထမင်းစားပြီးပြီလား။”
သူမအမေးကြောင့် ကျွန်တော်တောင် ရုတ်တရက်ဘာပြောရမှန်းမသိဖြစ် သွားသည်။ ဟုတ်သားပဲ နွယ် ကမနက် လင်းအားကြီးတော့မှ ဗိုက်တအားထအောင့်တာဆိုတော့ သူတို့ ဆေးရုံရောက်တော့ မနက် ခြောက်နာရီတောင် မခွဲချင် သေးပေ။ နွယ်ခွဲခန်းထဲဝင်သွားတဲ့ အချိန်အထိ ဆေးရုံတွင် ဟိုပြေး သည်ပြေးဖြင့် သူအလုပ်ရှုတ် သွားခဲ့သည်။ ခုမှပင် သူမနက်စာ မစားရသေးပါလား ဆိုတာသတိရတော့သည်။ ခု နေ့လည်စား စားချိန် ပင်ရောက်နေခဲ့ ပြီပဲ။
“ ထမင်းစားဖို့တောင် မေ့နေပါတယ် အန်တီရယ်။ စိတ်ပူနေလို့လား မသိဘူး။”
သူမကသူ့ကို အသာပြုံးပြသည်။ “ ဒီလိုပါပဲကွယ် စိတ်အရမ်းမပူပါနဲ့။ မင်းကြည့်ရတာ ဆေးရုံဆေးခန်း အတွေ့အကြုံ ရှိပုံမရဘူး။ အားလုံး ကောင်းသွားမှာပါကွယ်။ အန်တီ့ဆီမှာ မုန့်ပါတယ် မင်းဆာရင် ယူစားလေ” အမျိုးသမီးက သူမဆွဲလာသော အိတ်တွင်းမှ မုန့်ထုပ်ကို ထုပ်ပေးသည်။ သူ အားတုံ့အားနာ ဖြစ်သွားသည်။
“အာ ရပါတယ်အန်တီ။ ကျွန်တော်မစာပါဘူး။ ကျေးဇူးတင်ပါတယ်ဗျာ”
“ အင်း အန်တီက ဆီးချိုရောဂါရှိတော့ ဆီးချိုကျဆေးတွေ သောက်ရတယ်လေ။ တစ်ခါတစ်လေ ဗိုက် သိပ်ဆာရင် ခြေတုန်လက်တုန်ဖြစ်လာတတ်လို့ ဒီလိုဆောင်ထားရတာ။ မင်းဆာရင် ယူစားနော်။”
သူကျေးဇူးတင်စကား ထပ်ပြောလိုက်ရသည်။ အမျိုးသမီးက သူ နဲ့ဆက်ပြီးစကားပြောချင်သေးပုံရ သည်။ သူ ကပင် စကားဆက်လာသည်။
“ အိမ်ထောင်သက် ကြာပြီလားကွယ့်။ မင်းကြည့်ရတာ ငယ်သေးတယ်နော်။”
“ ဟုတ်ကဲ့ ကျွန်တော်တို့ လက်ထပ်တာ တစ်လပဲ ရှိပါသေးတယ် ခင်ဗျ”
သူမ၏ မျက်နှာပေါ်တွင် ပူပင်သောကမှလွဲ၍ သူဘာမှမတွေ့ ရ။ သူမ ဘာလို့သူ့ကို စကားလာပြော နေသည် တော့မသိ။ စပ်စုတတ်သော မိန်းမတစ်ယောက်နှင့်လည်း မတူ။
“အန်တီ့သားလည်း မင်းအသက်လောက်ပဲကွယ့်။ အချိန်တန်တော့ လည်းကွယ် ကလေးတွေ က သူ့အိုး သူ့အိမ်နဲ့ဆိုတော့ ဒီအဖိုးကြီး အဖွားကြီးပဲကျန်တာပေါ့ ဟင်းဟင်း။ အမျိုးသားကချူချာတော့ တစ်ခါတစ် ခါတော့ တော်တော် ခက်ခဲတယ်” သူမ သည် သူမကိုယ်သူမအဖွားကြီးဟု ပြောနေသော်လည်း အသက်အားဖြင့် သူ့ မေမေနှင့် မတိမ်းမ ရိမ်းသာရှိမည်။ အများဆုံးရှိ လှ ငါးဆယ့်လေး ငါးဆယ့်ငါးပေါ့။
သူမက အပြုံးလေးနှင့် ပြောနိုင်သော်လည်း သူ မမျက်လုံးတွေကတော့ နွမ်းနယ်မှုတွေနှင့်။ သူမစကား အရ ခွဲခန်းထဲ ဝင်သွားသော လူကြီးသည် သူ့အမျိုးသား ဖြစ်ပုံရသည်။ သားသမီးတွေ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါ မိဘတွေဟာဒီလိုပဲ ကျန်ခဲ့ရတာပါပဲလား။ ခု သူမပြောသော သားသမီးတွေ ကဘာလို့ အဖေလုပ်သူ နာမကျန်း၍ ခွဲရစိတ်ရသည့်တိုင် မိခင်အနားတွင် ရှိမနေကြတာ ပါလိမ့်။ ဤအမျိုးသမီး မည်မျှအားငယ်နေရှာမည် ကို သူကိုယ်ချင်း စာမိသည်။ အသက်ကလည်း ရလာပြီ၊ သူကိုယ်၌ ကလည်း ဆီးချိုရောဂါနဲ့ ဆိုတော့။
“ အသက်ကြီးလာတော့လည်း မကောင်းပါဘူးကွယ်။ ထိလွယ် ခိုက်လွယ်တယ်။ ရောဂါတွေကလည်း ဒီခေတ်က အဆန်းသားလား။ ရောဂါဖြစ်တော့ ငွေကလည်းကုန် လူကလည်းပင်ပန်း သောကတွေလည်း များတာပေါ့ကွယ်”
သူ လက်ထပ်တာ တစ်လပဲရှိသေးသော်လည်း သူလက်ထပ်ပြီးနောက်မှာ အမေနဲ့အဖေ အိမ်မှာ ဘယ်လိုခံစား ရမ လည်းဆိုတာသူမတွေးဖူးခဲ့။ သူဘာလို့ မတွေးခဲ့ မိပါလိမ့်။ ဒီအမျိုးသမီး ၏ခင်ပွန်းလို အဖေ နေမကောင်းခဲ့ ရင်အမေ့ နားမှာ သူကလွဲလို့ အားပေးမယ့်သူ မရှိပါလား ဆိုတာသူဘာလို့ မစဉ်းစားခဲ့မိတာပါလိမ့်။ ဘာလို့ အဖေ့ အိမ်မှာမနေပဲ သူ့အိုးသူ့အိမ်နဲ့ နေဖို့ရွေးချယ် ခဲ့မိပါလိမ့်။ အိမ်ခွဲနေဖို့ နွယ်က တိုက်တွန်းခဲ့သည်မဟုတ်။ သူ ကိုယ်တိုင်ဆုံးဖြတ် ခဲ့ခြင်းသာ။ သူမှားများ မှားသွားပြီလား။
“ တစ်ခါတစ်လေတော့လည်း သားသမီးတွေကို သတိရမိတာပေါ့ကွာ။ မမာတဲ့ အခါ အဖိုးကြီးအဖွားကြီး ပဲဆို တော့ တော်တော်လေးကသီတယ်။ သူတို့ကလည်း အလုပ်တွေကပြစ်ထားလို့ မရဘူးလေ။ ”
မိဘ နေမကောင်းတာကို လာကြည့်ဖို့ သားသမီးက အလုပ်မအားလို့ဆိုတာ တော်တော် နားထောင်ရခက်တဲ့ ဆင်ခြေ တစ်ခုပါအန်တီရယ်။ သူ ကောသားတစ်ယောက်ရဲ့ တာဝန်ကျေမှ ကျေရဲ့လား။ အဖေ နဲ့အမေ ကတော့ ထိမ်းများခြင်း အထိပင် သူ့အပေါ်တာဝန်ကျေခဲ့ပြီ။ သားသမီးတွေ ထောက်ပံ့တဲ့ ငွေထက် သူတို့ရဲ့ သိတတ် မှုလေးတွေကို မိဘတွေက ပိုပြီးလိုချင်တောင့်တ ကြမှာပေါ့။
အမျိုးသမီး က သက်ပြင်းကို ခပ်လေးလေး ချလိုက်သည်။ သူမလက် တွေကိုဆုပ်နယ်ရင်း သူမကိုယ်သူမ အားပေးနေပုံလည်း ရသည်။ ဒီအချိန်မှာ သူမလက်တွေကို ကိုင်ထားသော လက်များမှာ သူမ၏သား သို့မဟုတ် သမီးဖြစ်သူ၏ လက်များသာဖြစ်သင့်ပေသည်။
“ဒါနဲ့ မောင်ရင့်အမျိုးသမီးက ဘယ်ဆရာဝန်ကြီးနဲ့ ခွဲတာလဲ။ တာဝန်ကျ ဆရာဝန်နဲ့ ပဲလား”
“ဟုတ်ကဲ့ အန်တီ တာဝန်ကျ ခွဲစိတ်ဆရာဝန်ကြီးနဲ့ပါ။ မနက်စောစောဆိုတော့ ဆရာဝန်တောင် ရွေးချိန်မရ ပါဘူး။”
“အေးပေါ့ကွယ်။ ဒီလိုပေါ့ သိပ်မကြာတတ်ပါဘူး။ အူအတက်က မြန်ပါတယ်။ အန်တီလည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကခွဲခံရဘူးတယ်။ အဲတုန်းကတော့ ကြောက်တာပေါ့။ ဒါပေမယ့် ဆရာဝန်ကြီးက တော်လို့လားမသိဘူး ခွဲတာ မြန်လည်းမြန်တယ် အနာကျက်တော့လည်း ချုပ်ရိုးလေးက လှလှလေးပဲ။”
သူ ဖြင့် ချုပ်ရိုးလှတာထက် နွယ့်အသက်ကိုပဲ စိုးရိမ်မိတယ်။ မိန်းမတွေဟာ အသက်အန္တရာယ် ဖြစ်တာတောင် လှချင် သေးတာလား မဆိုနိုင်ဘူး။ သူ စိတ်ပူနေချိန်မှာ အမျိုးအမီး ကသူ့အကြောင်း စိတ်မကောင်းစရာတွေ မပြောသင့်ဘူးဆိုတာ သိသွားလို့လား မသိစကားလမ်းကြောင်း ပြောင်းသွားသည်။
“ခွဲစိတ်ပြီးတော့ ဆေးရုံတော့ တစ်ပတ်လောက် တက်ရတယ်။ ဆရာဝန်ကြီးကတော့ ပေးဆင်းပါတယ် အဲတုန်း ကအန်တီ ကိုက ကြောက်တာ။ ခွဲပြီးတော့လည်း အလေးအပင်တွေပါတွေ မ မစေနဲ့ပေါ့။ လေးငါခြောက်လ။”
“ဟုတ်ကဲ့” သူမ အူအတက်ပေါက်၍ ခွဲစိတ်တုန်းက ဆောင်ရန်ရှောင်ရန် များကို စိတ်ပါလက်ပါ ပြောပြနေသည်။ နွယ့်ကို စိတ်ပူနေတာ သူမစကားပြောတာနားထောင်နေရ၍ အနည်းငယ် သက်သာသွားသည်ဟု ထင်ရသည်။ တခဏ ကြာတော့ သူမငြိမ်သက် သွားသည်။ လင်သားအတွက် ပူပင်သောကတွေက သူမရင်ထဲသို့ ပြန်လည် ၀င်ရောက်လာဟန် တူသည်။
သူ့မျက်လုံးထဲတွင် အမေ့ကိုသာ မြင်ယောင်နေသည်။ အမေက စိတ်က နုနုကလေး။ ဒီလို စိတ်ပင်ပန်းမှုမျိုးတွေ ကိုခံနိုင်ပါ့မလား မသိဘူး။ အဲလိုအချိန်ကျ အမေ အားငယ်နေတော့ မှာပဲ။ သားအမေနဲ့အတူ နေသင့်တာပါ။ အမေနဲ့ အဖေ့ကို နှစ်ယောက်တည်း သားစိတ်မချတော့ဘူး အမေ။ အမေတို့ အသက်ကြီးလာပြီ။ သားတို့ကို ပိုလိုအပ်လာပြီ။ သူ့ အတွေးက အဖေနဲ့အမေ့ဆီသို့ ပြန်ရောက်သွားသည်။ နွယ်ဆေးရုံက ဆင်းရင်တော့ အမေ့ဆီ ပြန်ဦးမှပါပဲ။
လူကြီးတွေ စိတ်ပူမှစိုးလို့ နှစ်ဖက်မိဘတွေကိုပင် နွယ့်အကြောင်း ဖုန်းဆက်ပြီး မပြောရသေး။ သူ့ကိုများ အပြစ် တင်နေတော့ မလားမသိ။ နွယ့်မေမေ ကသူ့ သမီးအတွက် သူ့ကိုဆူပူကောင်း ဆူပူလိမ့်မည်။ သို့သော်နွယ်ကလည်း မှာထားသည် သူမခွဲခန်းထဲမှ ပြန်ထွက်လာမှ အိမ်ကို အကြောင်းကြားရန် သူ့ကို သေချာမှာထားသည်။
“မနွယ်နွယ်ရဲ့ အမျိုးသား” “ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ”
နောက်တစ်ပိုင်း ဆက်လက်အားပေး ပါရန်
လေးစားမှုဖြင့်
Scalpel
(ကိုယ်တိုင်ရေး ပိုစ့် မဟုတ်ပါခင်ဗျာ။ အစ်ကိုတစ်ယောက် ရေးထားတဲ့ ပိုစ့်ကို အစ်ကိုက ဘလော့တစ်ခု ဖွင့်ပြီး မရေးဖြစ်သေးတဲ့ အတွက် တောင်းယူဖေါ်ပြလိုက်ပါတယ်။)
Labels: ၀တ္ထုတို
ခွဲစိတ်ခန်းအဝတွင်ထိုင်ပြီး ဆရာဝန်ကြီး ထွက်အလာကို မျှော်ရသည်မှာ မည်မျှပင်ပန်း ဆင်းရဲလှသည်ကို ကိုယ်တိုင် လက်တွေ့ခံစားရသောအခါမှပင်သိတော့သည်။ ခွဲစိတ်ခန်းနှင့် မျက်နှာချင်းဆိုင် ကန့်လန့်ဖြတ်စင်္ကြံ တွင် ဆရာ ဝန်များ၊သူနာပြုဆရာမများ လူနာများ၊ ဥဒဟိုဖြတ်သန်းသွားလာနေတာကို ခပ် လှမ်းလှမ်းမှမြင်နေရသည်။
အစိမ်း ရောင်ဖျောဖျောသုတ်ထားသော ဆေးရုံနံရံများတွင် အရေးပေါ် မီး သတိပေးပိုစတာများ၊ လူနာများအတွက် သတိပေးချက်များ၊ ဆေးရုံစည်းကမ်းချက်များ၊ လူနာနှင့် လူ နာရှင်များ လိုက်နာရန်သတိပေးချက်များ ကို စနစ် တကျချိတ်ဆွဲထားသည်။
သုံးလေးမိနစ်တစ်ခါ ခွဲစိတ် ခန်းတံခါးသို့ မျှော်ရသည်မှာလည်း ဘယ်နှစ်ကြိမ်မျှရှိနေပြီမသိ
တစ်ချို့ကတော့ ပါးစပ်လှုပ်ရုံ ဖြင့်ဘုရားစာများရွတ်ဖတ်ခြင
သို့ သော် ခုချိန်တွင် ဘုရားစာရွတ်ရင်တောင် ကပေါက်တိကပေါက်ချာ ဖြစ်နေ မည်။ သူ ကြိုးစားကြည့်ပါသည်။ လွန်ခဲ့ သော မိနစ်နှစ်ဆယ်မျှအချိန်က ရွတ်နေသောဘုရားစာသည် အစ မှပြန်ပြန်ရွတ်ရလွန်းသဖြင့်
သူ့ရှေ့မှဖြတ်ဖြတ်လျှောက်ကာခွဲစိတ
မေးလိုက်ရင်သူတို့ အလုပ်အနှောက်အယှက်ဖြစ်သွား
သူ့ လိုပင်စောင့်ဆိုင်းနေသော သူလေးငါးယောက်ရှိ သည်ပဲ။ သူတို့ ကဘာလို့ သူ့ထက်များစွာ တည်ငြိမ်နေရတာ ပါလိမ့်။ သူတို့ မိသားစုထဲမှာ မကြာခဏ နေမကောင်းဖြစ်တတ်တဲ့ သူရှိလို့လား။ ဒါမှမဟုတ် ဒီလို ခွဲစိတ်ကုသ မှုတွေ ကို မကြာခဏ ကြုံတွေ့နေရလို့များ သူတို့က ကိုယ့်ထက်များစွာတည်ငြိမ်
ခဏကြာတော့ ခွဲစိတ်ခန်းတံခါးပွင့်လာသည်
သူ့မျက်နှာချင်းဆိုင် ထိုင် ခုံ တွင် ထိုင်နေသောအသက် နည်း နည်းကြီးကြီး လူတစ်ယောက်က ဘီးတတ် လူနာ ကုတင်ဘေးသို့ အပြေးတစ်ပိုင်းထသွားသည်။ လူနာ မှာသူ့အမျိုးသမီး ဖြစ်ပုံရသည်။ သူ့မျက်နှာထက်တွင် ကြင်နာသော အရိပ်တွေ၊ ပူပင်သောက တွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ
လူနာအမျိုးသမီးကတော့သတိရသေး
အစပထမတော့ သူသည် လည်းလူသားတစ်ယောက်ပင် ဖြစ်သည့်အတွက် ခံစားရကောင်း ခံစားရမည်သာ ဖြစိသည်။ သို့သော် နေ့တိုင်းတွေ့ရဖန် များတော့လည်း သူ့အတွက် ရိုးကောင်းရိုးသွားမည
သို့နှင့် ခွဲစိတ်ခန်းပတ်ဝန်းကျ
တစ်ချို့သော နိုင်ငံများ တွင် တစ်ချိန်က စစ်တပ်သို့ ဝင်ရောက်မည့် တပ်သားသစ်များကို ကြိုတင်ကာကွယ်သည့် အနေဖြင့် အူအတက်ကို ခွဲစိတ်ဖြတ်တောက် ခဲ့ဖူးကြောင်း စာထဲတွင်ဖတ်ဖူးသည်။ သို့သော် အူအတက် ပေါက်ကာ အသက် ဆုံးရှုံး ရသော လူနာများ ရှိသည်ဟုလည်း ကြားဖုးသည်။ ဆေးရုံသို့ အရောက်နောက်ကျ ၍သော်လည်းကောင်း၊ နောက် ဆက်တွဲ ပြဿနာများကြောင့် လည်းကောင်း အူအတက်ရောင်ရောဂါ သည်လည်း လူ့အသက်ကို အန္တရာယ် ပြုနိုင် သည်ဟုသူသိထားသည်။
သို့အပြင် မည်သည့်ခွဲစိတ်မှုမျိုးမဆို
တခဏအကြာတွင် သူ့ရှေ့မှလူနာတင်ဘီးတပ်ကုတင်တစ်ခု
ဆေးရုံတွင် အလုပ်လုပ်နေကြသော
ယောင်္ကျားရင့်မကြီးပင် ဖြစ်သော်လည်း သူသွေးမြင်ရင်မူးတတ်သည်။ ချွေးစီးတွေပြန်လာပြီး ခေါင်းထဲတရိပ်ရိပ်ဖြစ်ကာ ပျို့ချင်အန်ချင် ဖြစ်လာတတ်သည်။ မိန်းကလေးဆရာဝန်များ၊ သူနာပြုဆရာမများကို တော့သူ ချီးကျူးမိသည်။ နိစ္စဓူ ဝသွေးသံရဲရဲဖြင့်သူတို့ ဘယ်လိုများရင်ဆိုင်နေကြသန
နောက်တစ်ပိုင်း ဆက်လက်အားပေး ပါရန်
လေးစားမှုဖြင့်
Scalpel
(ကိုယ်တိုင်ရေး ပိုစ့် မဟုတ်ပါခင်ဗျာ။ အစ်ကိုတစ်ယောက် ရေးထားတဲ့ ပိုစ့်ကို အစ်ကိုက ဘလော့တစ်ခု ဖွင့်ပြီး မရေးဖြစ်သေးတဲ့ အတွက် တောင်းယူဖေါ်ပြလိုက်ပါတယ်။)
Labels: ၀တ္ထုတို
သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာ
သွေးလွန်တုပ်ကွေး ရောဂါဆိုတာ Dengue Virus ဗိုင်းရပ်တမျိုးကြောင့် ဖြစ်တာပါ။ အဲ့ဒီရောဂါ ဟာရောဂါပိုးကို သယ်ဆောင်လာတဲ့ ခြင်ကြောင့် လူတစ်ဦးကနေ တစ်ဦးကို ကူးစက်တာပါ။ သွေးလွန်တုပ်ကွေးရောဂါ အဆင့်ကနေ ပိုပြီးပြင်းထန်လာရင် သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်ခြင်း ( DSS ) ဖြစ်နိုင်ပြီး တခါတလေ သေသည်အထိ ဖြစ်နိုင်ပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါကို ပျောက်ကင်းစေတဲ့ ဆေးမရှိသေးပါဘူး။ ဒါကြောင့်အဲ့ဒီရောဂါကို မဖြစ်စေဖို့ ခြင်ကိုက်မခံရအောင် နေရမယ်။ ဒါ့အပြင် အဲ့ဒီခြင်တွေ ဖောက်ဖွားစေနိုင်တဲ့ နေရာကို ရှင်းလင်းဖယ်ရှား ရပါမယ်။
ကျွန်တော်အခု သွေးလွန်တုပ်ကွေး ရောဂါအကြောင်းကို အသေးစိတ် ဆွေးနွေးသွားပါမယ်။
၁။ သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုသော ရောဂါပိုးကြောင့် ဖြစ်ရပါသလဲ။
သွေးလွန်တုပ်ကွေး ရောဂါဟာ Dengue ခေါ်တဲ့ဗိုင်းရပ်အုပ်စုထဲက မည်သည့် အမျိုးအစားကြောင့်မဆို ဖြစ်နိုင်ပါတယ်။
၂။သွေးလွန်တုပ်ကွေး ရောဂါဘယ်လို ပျံနှံ့ပါသလဲ။
သွေးလွန်တုပ်ကွေး ရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါပိုး ( Dengue virus ) ကိုသယ်ဆောင်တဲ့ ခြင်ကြောင့် ပျံ့နှံ့တာပါ။ အဲဒီဗိုင်းရပ်ကို Aedes လို့ခေါ်တဲ့ ခြင်မ က သယ်ဆောင်ပါတယ်။ အဲဒီခြင်ကြောင့် ရောဂါပိုးဟာ လူတစ်ဦးကနေ တစ်ဦးကို ပျံ့နှံ့သွားတာပါ။
၃။ သွေးလွန်တုပ်ကွေး ရောဂါကို ဘယ်မှာ တွေ့နှိင်ပါသလဲ။
သွေးလွန်တုပ်ကွေးရောဂါကို သမပိုင်းဇုံတွေမှာ တွေရပါတယ်။ အထူးသဖြင့် Africa ;Asia ;Austral;America နှင့် Pacific ဒေသတွေမှာတွေ့ရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ မြို့ပြနှင့် ကျေးလက်ဒေသကို ယှဉ်မယ်ဆိုရင်တော့ မြို့ပြမှာပိုပြီး အဖြစ်များပါတယ်။ ရောဂါပိုးကိုသယ်ဆောင်တဲ့ ခြင်ဟာအမြင့်ပေ ၄၀၀၀ ကျော်မှာ နေလေ့မရှိပါဘူး၊ ဒါကြောင့်ကျွန်တော်တို့ တောင်ပေါ်မြို့တွေမှာ ဒီရောဂါကို သိပ်မတွေ့ရပါဘူး။
၎။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ တွေ့ရမှာလဲ။ သွေးလွန်တုပ်ကွေးရောဂါ ကြောင့်သွေးလန့်ခြင်း ဖြစ်ရင် ဘယ်လိုလက္ခဏာတွေတွေ့ရမှာလဲ။
ဒါဟာ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေသိထားရင် ရောဂါလက္ခဏာ နည်းနည်းပေါ်လာရင် ဆရာဝန်ဆီ စောစောစီးစီး သွားပြခြင်းအားဖြင့် ရောဂါလျင်မြန်စွာ ပျောင်ကင်းပြီး ရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးကနေ ရှောင်လွဲနိင်မှာပါ။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ရင် လူနာဟာ ရုတ်တရက် အပူချိန်တက်လာမယ်၊ အပူချိန်ဟာ ၁၀၀F ထက် ကျော်နေပြီး လုံးဝပုံမှန် ပြန်မဖြစ်သွားဘဲ အပူချိန်မြင့်တက်လိုက် နဲနဲလေး ကျသွားလိုက် ဖြစ်နေပါတယ်။ မျက်လုံးတွေ( မျက်ရိုးတွေ )၊ ကြွက်သားတွေနှင့် အဆစ်တွေမှာ ညောင်းညာကိုက်ခဲနေမယ်၊ ပြီးတော့ အနီစက်လေးတွေ အရေပြားပေါ်မှာ တွေ့နိုင်ပါတယ်၊ အဲ့ဒါအပြင် လူနာဟာ ခေါင်းတွေကိုက်တာ ပျို့တာ၊ အန်တာ၊ အစားအသောက် ပျက်တာ( နို.စိုကလေးဆိုရင် နို့ကောင်းကောင်း မစို့နိင်တာ ) ဖြစ်နိင်ပါတယ်။
သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်ခြင်းမှာ အထက်ပါလက္ခဏာအပြင် နှာခေါင်းသွေးယိုတာ၊ သွားဖုံးသွေး ယိုတာ၊ သွေးအန်တာ ဖြစ်နိင်ပါတယ်။ အဲဒီအချိန်မှာ သေသေချာချာကုရင် လူနာဟာ ပြန်ကောင်းလာပါ လိမ့်မယ်၊ မကုရင်တော့ သွေးပေါင်တအားကျပြီး နောက်ဆုံးမှာ သေသည်အထိ ဖြစ်သွားနိင်ပါတယ်။
သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်ခြင်းဟာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့ လူနာရဲ့အသက်အရွယ်၊ ကိုယ်ခံအား၊ အရင်တုန်းက ဖြစ်ဖူး၊ မဖြစ်ဖူး ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လူနာဟာ ငယ်လည်းငယ်တယ်၊ ကိုယ်ခံအားလည်း နည်းမယ်၊ အရင်တုန်းကလည်း ဒီရောဂါဖြစ်ဖူးတယ် ဆိုရင်တော့ သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်ခြင်းပိုပြီး ဖြစ်နိင်ပါတယ်။
၅။ သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာတွေလုပ်ရမလဲ။
သွေးလွန်တုပ်ကွေးရောဂါလို့ တိတိကျကျ ပြောနိုင်ဖို့ဆိုရင် လူနာရဲ့သွေးကို စစ်မှသိနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ နေရာအနှံ့ မလုပ်နိင်ပါဘူး။ နေရာတော်တော်များများမှာ ရောဂါလက္ခဏာကို ကြည့်ပြီးဆုံးဖြတ်တာ များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလို့ သေချာသိရင်တောင်မှ အဲဒီရောဂါကို ပျောက်အောင်ကုဖို့ ဆေးမရှိသေးပါဘူး၊ ရောဂါကို ကာကွယ်ဖို့လည်း ကာကွယ်ဆေး မပေါ်သေးပါဘူး။ ဒါပေမယ့် သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး ရောဂါလက္ခဏာကို သက်သာအောင် လုပ်ရင်း နဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ သူ့အလိုလို ပျောက်သွားပါလိမ့်မယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့လူနာကို အနားပေးရမယ်၊ အရည်များများ တိုက်ရမယ်၊ ပြီးတော့ ခြင်မကိုက်အောင် ထားရပါမယ်။ ဘာလို့ ခြင်မကိုက်အောင် ထားရသလဲဆိုတော့ ထိုလူနာကနေ တခြားလူနာတွေကို ကူးမှာစိုးလို့ပါ။ ၁နှစ်အောက်၊ ၂နှစ်အောက် ကလေးတွေမှာ ဖြစ်ရင်တော့ အရေးကြီးပါတယ်။ ဆရာဝန်နှင့် ပြကိုပြသင့်တယ်လို့ အကြံပေးပါရစေ။ ၂နှစ်အထက် ကလေးမှာဖြစ်ရင်လည်း ဖြစ်နိုင်ရင်တော့ ဆရာဝန်နှင့် ပြသင့်ပါတယ်၊ အဆင်မပြေရင်တော့ အထက်ပါ ကျွန်တော်ပြောတဲ့အတိုင်း လုပ်ပေးဖို့ လိုပါတယ်။ ရောဂါက မသက်သာရင်၊ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်ခြင်းရဲ့ လက္ခဏာတွေ ပေါ်လာရင်တော့ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းချင်ပါတယ်။
၆။ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးအကျိုးရှိတယ် ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ ဒီရောဂါမဖြစ်အောင် ဘယ်လို နေရမလဲဆိုတာ အရေးကြီးပါတယ်။ ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးလည်း မပေါ်သေးပါဘူး။ ဒါကြောင့်ရောဂါကို ကာကွယ်ဖို့ ပထမဦးစွာ ခြင်မကိုက်အောင် နေရပါမယ်၊ ဘယ်လိုနေရမလဲ ဆိုတော့ ခြင်မကိုက်အောင် လူးတဲ့ခရင် ( Mosquito repellent cream ) ကိုအသားမှာရော၊ အ၀တ်မှာပါ လူးပေးရပါမယ်၊ ဒါမှမဟုတ် ခြင်ဆေးထွန်းထားပါ။ အိပ်မယ်ဆိုရင် ခြင်ထောင်ကို သေချာသေချာထောင်အိပ်ပါ။ ကလေးတွေနေ့လည်ခင်း သိပ်တဲ့အခါမှာ လည်းခြင်ထောင်နှင့် သေချာထောင်ပြီး သိပ်ရပါမယ်။ သွေးလွန်တုပ်ကွေး ရောဂါပိုးဟာ ငှက်ဖျားရောဂါပိုး နှင့်မတူပါဘူး ငှက်ဖျားရောဂါပိုးကို သယ်တဲ့ခြင်ဟာ ညအချိန်မှာသာ ကိုက်တာများပါတယ်၊ ဒါပေမယ့် သွေးလွန်တုပ်ကွေး ရောဂါပိုးကို သယ်ဆောင်တဲ့ ခြင်ကတော့ နေအချိန်မှာ အကိုက်များပါတယ်။ ဒါကြောင့် နေ့လည်နေ့ခင်း အိပ်တဲ့အခါမှာလည်း ခြင်ကိုက်မခံရအောင် ခြင်ထောင်ကို သေချာထောင် အိပ်သင့်ပါတယ်။ ပြီးတော့ ခြင်ကိုက်မခံရအောင် အပြင်ထွက်တဲ့အခါ၊ တောထဲ၊ ခြံထဲသွားတဲ့အခါမှာ အ၀တ်အစားကို လုံခြုံစွာဝတ်ပြီး သွားဖို့ လိုအပ်ပါတယ်။ ဒုတိယအနေနဲ့ ခြင်မပေါက်ဖွားနှိင်အောင် လုပ်ရပါမယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အိမ်ပတ်ဝန်းကျင် ခြုံ၊ နွယ်၊ မြက်ပင်တွေကို ရှင်းရပါမယ်။ ပြီးတော့ ရေမြောင်းတွေ ရေမ၀ပ်အောင် ရေစီးရေလာကောင်းအောင် လုပ်ပေးရမယ်၊ ရေ၀ပ်နိင်တဲ့ နေရာတွေကို ဖို့ပေးရမယ်။ ဒါ့အပြင် ရေတင်နိုင်တဲ့ တာယာစုတ်တွေ၊ ခွက်စုတ်တွေကိုလည်း ရှင်းလင်းစွန့်ပစ်ရပါမယ်။ ပြီးတော့ တိရိစ္ဆာန်အတွက် ထည့်ပေးထားတဲ့ ခွက်ထဲက ရေတွေကိုလည်း လဲပေးရပါမယ်။ သွေးလွန်တုပ်ကွေးရောဂါကို သယ်တဲ့ခြင်ဟာ တခြားခြင်တွေနှင့်မတူပါဘူး။ ဘာလို့လဲဆိုတော့ ဒီခြင်ဟာ ရေသန့်တွေမှာ အဓိကပေါက်ဖွားလို့ပါ၊ ဒါကြောင့် ဘုရားပန်းအိုး ကရေတွေကိုလည်း အနည်းဆုံး တစ်ပါတ်နှစ်ခါလောက် လဲပေးသင့်ပါတယ်။ ရေစည်ရေအိုး၊ သောက်ရေအိုးများ ကိုလည်း သေချာ ဖုံးအုပ်ထားရပါမယ်။
အခု ကျွန်တော်ရေးထားတဲ့စာကို ဖတ်ပြီး လိုက်ပါလုပ်ဆောင် ကြခြင်းအားဖြင့် သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးနိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရေးသားသူ
စွမ်းထက်အောင်
(MJS forum မှာသူငယ်ချင်း ဒေါက်တာစွမ်းထက်အောင် ဆွေးနွေးထားတဲ့ ပိုစ့်ကို ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။)
Labels: ဆောင်းပါး
စိတ်ထဲမှာ ခံစားမိသမျှကို ချရေးဖို့ ဒီ Web log လေးတစ်ခုကို ဖန်တီးထားတယ်။ တစ်ခုခု ခံစားမိရင် အားမနာတမ်းပြောခဲ့ ကြပါ။ ဘလော့ဂါတစ်ယောက် အတွက် ကွန်မန့် တစ်ကြောင်းဟာ မှင်တစ်အိုးဖြစ်ပါသတဲ့။
အမှားရှိရင်လည်း ထောက်ပြဝေဖန်ကြပေါ့၊ ဘလော့ဂါတစ်ယောက် ဟာကိုယ်ရေးသောစာ ကိုယ်တာဝန်ယူရ ပါမည်တဲ့။ blog စရေးတာကတော့ ၂၀၀၉ ဇန်န၀ါရီ ၁ ရက်နေ့ကပါ။ http://dr-scalpel.ning.com မှာရေးခဲ့ပါတယ်။ အခုတော့ ဒီဘလော့လေးကို အသစ်ဖွင့်ပြီး၊ အသစ်အသစ်တွေ ရေးဖို့အားမွေးနေပါတယ်။
အလည်လာရောက်ကြသူ အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။ တတ်နိုင်ရင်တော့ ကွန်မန့်လေးတွေ ပေးသွားကြပါအုံး။
စာဖတ်သူများကို လေးစားစွာဖြင့်
Scalpel
Labels: ကြေညာ

